ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်မှု ကန့်သတ်မည့်သတင်းမှာ ကောလာဟလသာဖြစ်ကြောင်း ထိုင်း အတည်ပြု


ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်မှု ကန့်သတ်မည့်သတင်းမှာ ကောလာဟလသာဖြစ်ကြောင်း ထိုင်း အတည်ပြု

Khaosod English

နိုင်ငံခြားသားများ ထိုင်းနိုင်ငံအတွင်းသို့ တနှစ်လျှင် နှစ်ကြိမ်သာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့် ရှိသည်ဟူသည့် အွန်လိုင်းပေါ်မှ သတင်းများက သတင်းမှားများသာဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားလိုက်သည်။

ယင်းကောလာဟလများ လူမှုကွန်ရက်နှင့် စာတိုပို့အက်ပ်များတွင် ပျံ့နှံ့နေခြင်းကြောင့် ထိုင်း ဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီးဌာနက ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းသတင်းမှားကို အစိုးရ၏ သတင်းတုတိုက်ဖျက်ရေးနှင့် နည်းပညာဆိုင်ရာ ရာဇဝတ်မှုကာကွယ်ရေး လုပ်ငန်းစဉ်၏ တစိတ်တပိုင်းအဖြစ် အွန်လိုင်းအကြောင်းအရာများကို စောင့်ကြည့်စစ်ဆေးနေသည့် ‘ထိုင်းသတင်းတုတိုက်ဖျက်ရေးဗဟိုဌာန’ က ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အများဆုံးပျံ့နှံ့နေသည့် သတင်းမှားမှာ ‘နိုင်ငံခြားသားများအတွက် ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ကို တနှစ်လျှင် နှစ်ကြိမ်သာ ကန့်သတ်မည့် စည်းမျဉ်းသစ် ထွက်ပေါ်လာသည်’ ဟူသော သတင်းဖြစ် သည်။

သို့သော် ဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းအတည်ပြုချက်အရ ယင်းမှာ သတင်းမှားသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြင်ဆင်ရန်နှင့် ထိုကဲ့သို့ ကန့်သတ်ချက်များ သတ်မှတ်ရန် မည်သည့် ကြေညာချက် (သို့မဟုတ်) ဥပဒေရေးရာ မူဘောင်မျှ ပြုလုပ်ထားခြင်း မရှိကြောင်းလည်း ဝန်ကြီးဌာနက အသိပေးထားသည်။

ဗီဇာသက်တမ်းတိုးရန် ထိုင်းနိုင်ငံအတွင်းသို့ အဝင်အထွက်အကြိမ်ကြိမ် ပြုလုပ်မှုများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးသည့် လက်ရှိလုပ်ထုံးလုပ်နည်းများကိုသာ ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ဆက်လက်ကျင့်သုံးနေခြင်းဖြစ်သည်။

သို့သော် အဆိုပါစစ်ဆေးမှုများသည် တနှစ်လျှင် ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်နိုင်သည့် အကြိမ် အရေအတွက်ကို သတ်မှတ်ကန့်သတ်ထားခြင်း မဟုတ်ပေ။

ဇန်နဝါရီလ ၁၅ ရက်က ပြုလုပ်ခဲ့သော စစ်ဆေးမှုများတွင် သတင်းတုတိုက်ဖျက်ရေးဗဟိုဌာနသည် အွန်လိုင်းပေါ်မှ အချက်အလက်ပေါင်း ၁၅၇,၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာ ၅,၀၀၀ ခန့်မှာ သတင်းအမှန် ဖြစ်ကြောင်း အတည်ပြုရန် လိုအပ်နေသည်ကို တွေ့ရှိခဲ့သည်။

အများဆုံး ပြန်လည်မျှဝေနေကြသည့် အချက်အလက်များထဲတွင် အချို့မှာ သတင်းမှား (သို့မဟုတ်) အထင်အမြင်လွဲမှားစေသည့်သတင်းများ ဖြစ်နေသည်။

ဗီဇာနှင့်ပတ်သက်သော ကောလာဟလများအပြင် ကျန်းမာရေးဆိုင်ရာ အချက်အလက်အမှားများ၊ ရွေးကောက်ပွဲဆိုင်ရာ အတည်မပြုနိုင်သော သတင်းများ၊ အွန်လိုင်းထီရောင်းချမှု၊ ပြည်ပအလုပ်အကိုင် ကမ်းလှမ်းချက်များနှင့် လူမှုကွန်ရက်ပေါ်ရှိ ချေးငွေလုပ်ငန်းများအကြောင်းကိုလည်း အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားသည်။

သတင်းမှားများသည် နားလည်မှုလွဲခြင်း၊ ငွေကြေးဆုံးရှုံးခြင်းနှင့် ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်များ ဖြစ်စေနိုင်သဖြင့် အချက်အလက်များကို မမျှဝေမီ တရားဝင်သတင်းရင်းမြစ်များမှ တဆင့်အတည်ပြုကြရန် ဝန်ကြီးဌာနက ပြည်သူများကို တိုက်တွန်းထားသည်။

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments